ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

မြစ်ကြီးနား သြဂုတ် ၂၇

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အစားထိုးခန့်အပ် တာဝန်ပေး နိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အမည်စာရင်းတင်သွင်းမှုကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းဝေးခန်းမ၌ ကျင်းပသည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံတင်ပြချက်ဖြင့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကြည်း ၂၃၇၄၂ ဗိုလ်မှူးကြီး နေလင်းထွန်းအစား ကြည်း ၂၉၁၉၇ ဗိုလ်မှူးကြီး ကျော်လင်းအောင်အား ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး အဖြစ် ခန့်အပ်တာဝန် ပေးနိုင်ရေးအတွက် အမည်စာရင်းတင်သွင်းမှုကို လွှတ်တော်က ကန့်ကွက်သူမရှိသဖြင့် သဘောတူကြောင်း ဆုံးဖြတ်သည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် (၄၅)ဦးတို့က ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေး ပထမနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ကချင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပ‌ဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်နယ်စည်ပင်သာယာ ရေးဝန်ကြီးက ရှင်းလင်းဆွေးနွေးခဲ့ကာ အစည်းအဝေးဒုတိယနေ့ကို ရပ်နား လိုက်သည်။

မျိုးမြင့်စိုး(ပြန်/ဆက်)