မံစီ ဖေဖဖာ်ဝါရီ ၅
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များက ပူးပေါင်း၍ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းကို စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “စာကောင်း ပေကောင်းရဲ့ အရသာ” စာအုပ်ဖြင့် ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ဒေသခံ ပြည်သူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့ကျင့် ကောင်းများရရှိလာပြီး စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ များတိုးပွား၍ စာပေချစ်မြတ်နိုးသူ အချင်းချင်းပြန်လည်မျှဝေကာ ချစ်ခင်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် စာပေဝါသနာရှင်များက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် “စာကောင်း ပေကောင်းရဲ့ အရသာ” စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်းစီအလိုက် အလှည့်ကျ ခေါင်းစဉ်တစ်ခုစီဖတ်ကြားပြီး မိမိတို့၏ ထင်မြင်ယူဆချက်များ တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)