နမ့်စန်(တ) ဩဂုတ် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၂ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွေးနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဦးစီးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြ သည်။
ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးဦးစီးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင် က မြန်မာနိုင်ငံအတွင်း လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှု အခြေအနေနှင့် ပြည်သူများလိုက်နာရန်အချက်များ ထုတ်ပြန်ကြေငြာထားမှုနှင့် မြို့နယ်အတွင်း ကြို တင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြား ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ကုသရေးဦးစီးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့ဝင်/ထွက် ကျန်းမာရေးစစ်ဆေး သည့်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ မြို့နယ်အတွင်း ပြည်ပမှ ပြန်လာသူများနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် မြို့များမှ ဝင်ရောက်လာသူများတွေ့ရှိပါက သတင်းပေးပို့ရေး၊ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ ယာယီပျံကျဈေး၊ မြို့မဈေးနှင့် လူဝင်လူထွက်များပြားသည့် နေရာများတွင် လူစုလူဝေးများ မဖြစ် ပေါ်စေရေးနှင့် Mask များ တပ်ဆင်သွားလာရေးကို စစ်ဆေးဆောင်ရွက်ရေး၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူများနှင့် ပတ်သက်၍ လိုအပ်သည်များစနစ်တကျ ပူးပေါင်းဆောင်ရွက် ရေး၊ လက်ရှိရန်ပုံငွေ အခြေအနေနှင့် အခြားကြိုတင်ကာကွယ်ရေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)