မြန်အောင်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်အောင်  ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်လှိုင်နှင့်အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်တို့က ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်း ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်သည် မဲစာရင်းအမှတ်စဉ်များကို မဲဆန္ဒရှင်များ က ရွေးကောက်ပွဲနေ့အတွက် မှတ်သား အတည်ပြုသွားမည်ဖြစ်၍ မဲဆန္ဒရှင်များ၏ ပုံစံ(၃)ဖြင့် တောင်းဆိုမှု၊ ပုံစံ(၄)ဖြင့် ကန့်ကွက်မှု၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းမှုများကို စီစစ်ဆောင်ရွက်ရန်၊ ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ဆွေးနွေးကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ က အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)