(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲများ နေပြည်တော်၌ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ  ၇

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   နေပြည်တော်ပညာရေးမှူးရုံးမှကြီးမှူးပြီး ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာရသည့် ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှု စွမ်းရည်၊ သရုပ်ဖော်စွမ်းရည်များရရှိစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်  အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အဆင့် စာစီ စာကုံးပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲများကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

ယနေ့ကျင်းပသည့် စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်ရှစ်မြို့နယ်မှ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၈)ဦးတို့က “မျိုးရိုးအစဉ်အလာ ဂုဏ်ရှိန်ဝါ စိန်ရတုပြည်ထောင်စုစိတ်ဓာတ်ဖြင့် ထိန်းသိမ်းပါ’’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် မြို့နယ်ရှစ်မြို့နယ်မှ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၇)ဦးတို့က “ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရေး တိုင်းရင်းသားအားလုံးဖော်ဆောင်ပေး’’ ခေါင်းစဉ် ဖြင့် လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြရာ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာရေး) ဒေါ်မြင့်မြင့်ခိုင်နှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်  အခြေခံပညာအထက် တန်းအဆင့် ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် လည်းကောင်း၊ ကျပန်းစကား ပြောပြိုင်ပွဲကို ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများအလိုက် ဆုရရှိ ကြသည့် ကျောင်းသားကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)