လေးမျက်နှာမြို့နယ်၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

လေးမျက်နှာ  ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ကုန်လုံခြုံ စိတ်ချနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီအချိန်တွင်  ကညင်တိုင်အုပ်စု၊ တုံးတောကျေးရွာတွင် ကျေးရွာနေ စီးပွားရေး လုပ်ငန်းရှင် များအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာ များကို အသိပညာ ပေးဟောပြောခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် လေးမျက်နှာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက စားသုံးသူများ၊ ထုတ်လုပ်သူများနှင့် လုပ်ငန်းရှင်များအတွက် ကာကွယ်နိုင်ရန် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်းအညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)၊ ပုဒ်မ(၄၂)၊ ပုဒ်မ(၄၃)တို့အား ရှင်းလင်း ပြောကြားပြီး ကုန်စည်၏အမျိုးအစား၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အရေအတွက်၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေး ချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရန် လိုအပ်ကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များမှ သိရှိ‌လိုသည်များကို မေးမြန်ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း(၃၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)