ကျောက်ဆည် ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးနှင့် မြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်းနှင့်အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီက ဖောင်ရွာရပ်ကွက်၊ နေလသုခဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်အတွင်းမှ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မိုးကောင်းကျောင်းတိုက် ဘန္တန္ဒဇောတိကာဘိဝိသ သဘာပတိ ဆရာတော်ကြီးမှ ဩဝါဒကထာများ မိန့်ကြားခဲ့သည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ဘုရားကြီး ကျောင်းတိုက် ဘန္တန္ဒဝါသဝသီရိ အကျိုးတော်ဆောင်ဆရာတော်က မြို့နယ်သံဃနာယကအဖွဲ့မှ သက်တမ်း ပြည့်၍ အနားယူမည့်ဆရာတော်များ၏ လစ်လပ်နေရာလျက်ရှိသည့် မြို့နယ်သံဃဝန်ဆောင် ဆရာတော်(၅)ပါး ၏ ဘွဲတော်များကို ကြေညာပြီး တက်ရောက်လာကြသော သံဃာတော်များက သက်ဆိုင်ရာ လစ်လပ်ဆရာတော်ကြီးနေရာများတွင် အမည်စာရင်းတင်းသွင်းကြကာ အစားထိုးရွေးချယ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးချန်ထွန်းက သာသနာရေးဆိုင်ရာများလျောက်ထားပြီး မြို့နယ်သံဃဝန်ဆောင် ဆရာတော်ကြီးများထဲမှ မြို့နယ်သံဃနာယကအဖွဲ့ကို သံဃအဖွဲ့အစည်း ရွေးချယ် ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အခြေခံစည်းမျဉ်းများနှင့်အညီ ရွေးချယ်ခဲ့ရာ မြိုနယ်သံဃနာယကအဖွဲ့ဥက္ကဌ အဖြစ် ဘန္တန္ဒပညာသာမိ (မဟာရွှေစေတီကျောင်း)၊ အကျိုးတော်ဆောင်ဆရာများအဖြစ် ဘန္တန္ဒပညာနန္ဒ (သရက်ခြံကျောင်း)၊ ဘန္တန္ဒတိက္ခသာရ(ကုန်းမြင့်သာကျောင်း)၊ ဘန္တန္ဒခေမာစာရ( ရွှေဆပ်သွားကျောင်း)နှင့် ဘန္တန္ဒပညာသီရိ(ရဲကြီးကျောင်း) ဆရာတော်များအား အတည်ပြုရွေးချယ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့အား အတည်ပြုပြန်လည်ဖွဲ့စည်းခဲ့ပြီး တက်ရောက်လာကြာသည့် ဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာများက ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)