ကျောက်ပန်းတောင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူများနှင့် လာရောက်စောင့်ဆိုင်းသူမိဘပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ကျောက်ပန်းတောင်း မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူငယ်ကွန်ရက်အဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှု လာရောက်စောင့်ဆိုင်းသူမိဘပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို၊ ယနေ့ နံနက်(၁၁)နာရီက အမှတ်(၁)အ.ထ.ကအနီး၊  မြန်မာ့ဆက်သွယ်ရေး(MPT) ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် လူငယ်ကွန်ရက်အဖွဲ့မှ ကိုဝေလွင်ဦးနှင့် လူငယ်(၂၀)ဦးတို့သည် (COVID-19) အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ကူးစက်ပြန့်ပွားနိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကူးစက်မှု မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်း များပါရှိသည့် အသိပညာပေးလက်ကမ်းစာစောင်များကို၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ လက်ကမ်းစာစောင်အသေး(၅၀၀)နှင့် အကြီး(၁၅၀၀)တို့ကို၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့လမ်း၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)ရုံးရှေ့မှစ၍ စာမေးပွဲလာရောက်စောင့်ဆိုင်းကြသည့် ကျောင်းသားမိဘများနှင့် စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသားကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြသည်။

ထို့အပြင် အဆိုပါလူငယ်ကွန်ရက်အဖွဲ့မှ လမ်းသွားလမ်းလာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ လက်သန့်စင်မှု ပြုလုပ်နိုင်ရန်အတွက် လက်ဆေးရေနှင့် လက်ဆေးဆပ်ပြာရည်ဗူးများကို အဆိုပါရုံးရှေ့တွင် အဆင်သင့်ထားရှိပေးထားပြီး၊ လက်ကိုစင်ကြယ်စွာ စနစ်တကျ ဆေးကြောနည်းများကိုလည်း လက်တွေ့ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)