ကျောက်မဲ ဩဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများကို ပြန်လည်၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်ပိုင်း ၈ နာရီ အချိန်က လူစည်ကားရာဗဟိုဈေးအနီး ပင်လုံလမ်းနှင့် သိရိမင်္ဂလာလမ်းထောင့်၌ အိမ်အပြင်ထွက် သွားလာသူများ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ရေး စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အိမ်ပြင်ပသို့ထွက်၍ သွားလာသူများနှင့် ခရီးသွားပြည်သူများအား တတ်နိုင်သမျှ အိမ်မှာ နေကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ပဲမသွားရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှခပ်ခွာခွာနေရန်၊ Mask များကို စနစ်တကျတပ်ဆင်ရန်၊ စနစ်တကျ လက်ဆေးရန် အသိပညာပေးဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ တစ်နေ့တခြား တိုးလာသည့်နောက် ကျောက်မဲမြို့နယ်အတွင်းရှိ ပြည်သူများအကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် အိမ်ပြင်ပထွက် ခရီးသွားပြည်သူများ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးပြီး ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများကို ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)