ကြံခင်းမြို့ မြို့မဈေး၌ အိုင်အိုဒင်းဆားရောင်းချမှု အရည်အသွေးအသိပညာပေးစစ်ဆေး

ကြံခင်း  ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် အိုင်အိုဒင်းချို့တဲ့ခြင်းကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေး လှုပ်ရှားမှုအဖြစ် ဈေးဆိုင်များအတွင်း ရောင်းချလျက်ရှိသော အိုင်အိုဒင်းဆား ရောင်းချမှု အရည်အသွေး အသိပညာပေး စစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးခြင်းသည် ပြည်သူများ ကျန်းမာဖွံ့ဖြိုးစေရန်၊ ခန္ဓာကိုယ်ကြီးထွားစေရန်၊ အိုင်အိုဒင်းဓာတ် ချို့တဲ့ပါက ကိုယ်ဝန်ဆောင်မိခင်များ သားပျက်သားလျှောခြင်း၊ ကလေးအသေ မွေးဖွားခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်း နှင့် ကလေးလူကြီးများတွင် လည်ပင်းကြီး ရောဂါခံစားရမှုမှ ကာကွယ်ရန်စတဲ့ရောဂါများ ကင်းဝေးစေရန်ဖြစ်သည်။

အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဝင်းဝင်းကြည်နှင့် ကျန်းမာရေးမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်တင်မိုးသူနှင့် တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေး အသိပညာပေး ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

မိုးမိုး(ပြန်/ဆက်)