COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်အလက်များအား အသိပညာပေး

ငပုတော မတ် ၃၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ဝန်ထမ်းများက COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရ မည့် အချက်အလက်များအား မော်တော်ယာဉ်ဖြင့် လိုက်လံ အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀နာရီမှ စတင်ကာ ငပုတောမြို့ပေါ်ရှိ ရပ်ကွက်များသို့ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဆောင်ရွက်ရာတွင် COVID-19 ရောဂါ ကူးစက်ခံရပါက ဖြစ်ပွားတတ်သည့် လက္ခဏာများမှာ "ကိုယ်အပူချိန်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ပင်ပန်းနွမ်းနွယ်ခြင်း၊ အသက်ရှုရခက်ခဲခြင်း စသည့် လက္ခဏာများ ကြုံတွေ့ရမှာဖြစ်ကြောင်း၊ ရာသီတုပ်ကွေး လက္ခဏာနှင့် ဆင်တူ‌ကြောင်း၊ ရောဂါလက္ခဏာများ ခံစား‌ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ရန်လိုအပ်ကြောင်း၊ ရောဂါလက္ခဏာ ပြတိုင်းလည်း COVID.19 ရောဂါဟု မှတ်ယူ၍ မရသည်ကို သတိပြုရန် လိုအပ်ကြောင်း၊ ကိုယ်ခံအားနည်းသူများတွင် ကူးစက်ရန် ပိုပြီးအန္တရာယ်ရှိကြောင်း၊ ရောဂါကူးစက်မှု မဖြစ်ပွားစေရန်အတွက် တစ်ဦးနှင့်တစ်ဦး သုံးပေအကွာ နေသင့်ကြောင်း၊ လက်ကို ခဏခဏဆေးသင့်ကြောင်း၊ ဆပ်ပြာနှင့် ရေကိုအသုံးပြုပြီး စက္ကန့်နှစ်ဆယ်ခန့် စနစ်တကျ ပွတ်တိုက်ဆေးကြောရန်လိုကြောင်း၊ မိမိလက်နှင့် မျက်နှာကို မထိ‌တွေ့ရန်လိုကြောင်း၊ COVID.19 ဟာ နေရာဒေသ မရွေးကူးစက်နိုင်ကြောင်း၊ ပြည်သူများကလည်း မိမိတို့ရပ်ကွက်၊ ကျေးရွာအတွင်း နိုင်ငံခြားမှ ပြန်ရောက်လာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးမှတဆင့် သတင်းပို့ရမှာဖြစ်ကြောင်း၊ ပြည်သူများအနေနဲ့ ထုတ်ပြန်ထားသော ဥပဒေများကို သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာက အချိန်နှင့်တပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြဖို့နဲ့ ပြည်သူများ အားလုံး ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း" စသည့် COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်အလက်များအား မော်တော်ယာဉ်ဖြင့် လိုက်လံ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)