နမ့်စန်(တ) ဩဂုတ် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဦးစီး ကော်မတီ၏ ဦးဆောင်ညွှန်ကြားမှုဖြင့် မြို့ဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များအား ယနေ့တွင် ပြန်လည်ဖွင့်လှစ်ကာ သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
တောင်ကြီး-နမ့်စန် မြို့ဝင်စစ်ဆေးရေးဂိတ်နှင့် ခိုလမ်-နမ့်စန် မြို့ဝင်စစ်ဆေးရေးဂိတ်တို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီအဖွဲ့များက ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ နှင့် ဦးစိုင်းလုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)