မိုင်းပန် သြဂုတ် ၂၇
၂ဝ၂ဝပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထွေထွေ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အဓိကကျသော လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေးအတွက် မိုင်းပန်-မိုက်ပုတ်(ပန်ပိ)-နောင်ချို(ဆန်ကွယ်) ကျေးရွာသွားလမ်း ဖောက်လုပ်ပြီးစီးမှုအခြေအနေအား တာဝန်ရှိသူများမှ ယနေ့နံနက် (၉) နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းပန်-မိုက်ပုတ်(ပန်ပိ)-နောင်ချို(ဆန်ကွယ်) ကျေးရွာသွားလမ်းသည် စုစုပေါင်းအရှည် (၃၆) မိုင် ရှိပြီး အဆိုပါလမ်းပိုင်းအတွင်း ယခင်ဘဏ္ဍာရေးနှစ်အတွင်း၌ ကျောက်ချောလမ်း (၁၉)မိုင် ခင်းထားခဲ့ပြီးနောက် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ် မြေသားလမ်းချဲ့ခြင်းနှင့် ကျောက်ဗြုန်းခင်း အမာခံလမ်းအဆင့်မြှင့်ခြင်းလုပ်ငန်းအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်ထောင်စုရန်ပုံငွေဖြင့် (၅)မိုင်၊ ပြည်နယ်ရန်ပုံငွေဖြင့် (၃)မိုင်၊ စုစုပေါင်း (၈)မိုင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းတို့မှ သွားရောက် စစ်ဆေးခဲ့ရာ တာဝန်ယူဆောင်ရွက် နေသည့် ထူးပြည့်သာကုမ္ပဏီမှ တာဝန်ရှိသူများမှ လုပ်ငန်း ဆောင်ရွက်ထားမှု အခြေအနေများအား လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။ အဆိုပါလမ်းပိုင်းသည် ယခင်က ရာသီဥတုအခြေအနေ ကြောင့် မိုးတွင်းကာလများတွင် လမ်းများပျက်စီးပြီး သွားလာရေးခက်ခဲကာ ရာသီမရွေး သွားလာနိုင်ခြင်းမရှိဘဲ အချို့သော လုပ်ငန်းပိုင်းဆိုင်ရာများတွင် နှောင့်နှေးမှုရှိခဲ့ကြောင်း သိရကာ ယခုအခါ ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီဖြစ်သောကြောင့် ရာသီမရွေး သွားလာနိုင်ပြီး အထွေထွေရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်များအား ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ရာတွင် များစွာအထောက်အကူ ဖြစ်စေခဲ့ကြောင်း သိရသည်။ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာမှု စာရင်းအရ မိုက်ပုတ်(ပန်ပိ)ကျေးရွာတွင် (၁၁၆၇) ဦးနှင့် နောင်ချို (ဆန်ကွယ်) ကျေးရွာတွင် (၅၆၅)ဦး၊ စုစုပေါင်း (၁၇၃၂) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဆန်းမြင့်(ပြန်/ဆက်)