ပုံပါကျင် ဩဂုတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့အတွင်း၌ ဆုံဆို့နာရောဂါ ကပ်အသွင်ဖြစ်ပွား နေသောကြောင့် ဆုံဆို့နာရောဂါဖြစ်ပွားခဲ့သည့် ကျေးရွာများရှိ အသက်(၁၅)နှစ်အောက် ကလေးငယ် (၁၄၇၅) ဦးအား ယမန်နေ့က စတင်၍ ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းပြီး ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆုံဆို့နာရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် ပုံပါကျင်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပုံပါကျင်ကျေးလက် ကျန်းမာရေးမှူး ဦးမြင့်စိုးထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ က ရောဂါဖြစ်ပွားခဲ့သည့် နမ့်ယွန်းကျေးရွာရှိ ကလေး(၅၁၆)ဦးနှင့် ဟွေအောကျေးရွာအုပ်စုအတွင်းရှိ ဟောင်လိတ်၊ Tayin(၃)၊ Tayin(၄)ကျေးရွာရှိ ကလေး(၉၅၉)ဦး စုစုပေါင်းအသက်(၁၅)နှစ် အောက်ကလေး (၁၄၇၅)ဦးကို အသက်(၁)နှစ်မှ (၃)နှစ်ထိ၊ အသက်(၃)နှစ်မှ (၇)နှစ်ထိ၊ အသက်(၇)နှစ်မှ (၁၅)နှစ်ထိ အုပ်စု(၃)စုခွဲ၍ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါကျေးရွာများမှ ဆုံဆို့နာရောဂါ ဖြစ်ပွားခဲ့သူ(၁၀)ဦးအား မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစေခဲ့ပြီး ယခုအခါ လူနာများအားလုံး ကျန်းမာရေးပြန်လည်ကောင်းမွန်လျက် ရှိကြောင်း သိရသည်။
စန္ဒီ(ပြန်/ဆက်)