သီပေါမြို့နယ်တွင် ရေနစ်မြှုပ်ခဲ့သည့် အိမ်ထောင်စုများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စားသောက်ဖွယ်ရာများ လှူဒါန်း

သီပေါ   သြဂုတ်  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် သြဂုတ်လ ၂၄ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နားမခေါ်ကျေးရွာအုပ်စု နားမခေါ်ကျေးရွာအနီး တောင်ကျရေများ စီးဆင်း၍ နားမခေါ်ကျေးရွာအတွင်း စီးဆင်းသည့်ချောင်းမှ ရေကြီးရေလျှံပြီး အိမ်ခြေ(၂၇)အိမ် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ရေနစ်မြုပ်ခဲ့သော အိမ်ခြေ(၂၇)အိမ်မှ အိမ်ထောင်စုဝင်များအား သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်း က ခေါက်ဆွဲခြောက်၊ ပဲကြော်ဆံအစုံနှင့် သောက်ရေသန့်များ သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ရေဘေးဒုက္ခခံစားနေရသည့် နားမခေါ်ကျေးရွာရှိ အိမ်ထောင်စုများအား တာဝန်ရှိသူများက နားမခေါ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ခေတ္တပြောင်းရွှေ့ပေးထားခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)