ကျိုက်လတ် ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်ရန် ယနေ့ နံနက် (၈)နာရီတွင် မြို့မဈေးကြီးနှင့် လူစည်ကားသည့် လမ်းဆုံများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်သည့်ကာလအတွင်း ပြည်သူများ မဖြစ်မနေ မိမိနေအိမ်ပြင်ပ ထွက်ခွာပါက အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး ထွက်ရန် အသိပညာပေးသည့်အနေဖြင့် ဈေးသွားဈေးလာများ၊ လမ်းသွားလမ်းလာ ပြည်သူများ အား နှာခေါင်းစည်း(Mask)များ ကိုယ်တိုင်တပ်ဆင်ပေးခြင်း၊ ဝေငှပေးခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်သူဝင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလှအောင် တို့ ပါဝင်သည့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အဖွဲ့က နေအိမ်ပြင်ပထွက်သည့် ပြည်သူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အထ ဖြစ်စေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရီရီမြင့် (ပြန်/ဆက်)