ကန်ကြီးထောင့် ဩဂုတ် ၂၇
ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရေးနှင့် ငါးသယံဇာတများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးခင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးသော်ထွန်းဦး၊ ခရိုင်နှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာများက ငါးခုံးမကောင်ရေ ၅၀၀၀၀၊ ငါးရွှေဝါကောင်ရေ ၅၃၅၀၀ စုစုပေါင်း ငါးမျိုးကောင်ရေ တစ်သိန်းသုံးထောင်ငါးရာကောင်ရေ(၁၀၃၅၀၀)ကို ဝါးဒူးကျေးရွာ၊ စံပြစပါးခင်းများအတွင်းသို့ စိုက်ထည့်ခဲ့ကြပြီး တောင်သူများထံ ငါးသားပေါက်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)