မိုင်းယောင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူမှ ကွင်းဆင်းစစ်ဆေး

မိုင်းယောင်း   ဩဂုတ်   ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့်ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများအား ယနေ့က စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မျိုးစေ့အဆင့်အလိုက် သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွန်းများနှင့် ကိုက်ညီသည့် သီးနှံ၏ မူလမျိုးရိုးဗီဇနှင့် ရုပ်သွင်များ ထပ်တူထပ်မျှရရှိအောင် စနစ်တကျ ထိန်းသိမ်းထုတ်လုပ်ရရှိနိုင်ရန်၊ စပါးမျိုးစေ့ထုတ်စိုက်ခင်းများကို အရည်အသွေးနှင့် မျိုးစေ့သန့်စင်မှု ရှိစေရန်အတွက် မျိုးစေ့ထုတ် အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်းပြီး မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းကို အောင်မြင်အောင် ဆောင်ရွက်သွားရန် မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ကွင်းဝန်ထမ်းများအား လမ်းညွှန်မှာကြားခဲ့သည်။

မိုင်းယောင်း၌ ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ကိုဗစ်- ၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့်ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများကို ကျေးရွာအုပ်စု သုံးအုပ်စုရှိ ကျေးရွာ ငါးရွာ၌ တောင်သူ ၁၇ ဦးတို့က ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုင်းအောင်ဇော်လင်း