မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်”ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းလုံ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြည်သူများ စာပေဖတ် ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုစေရန်ရည်ရွယ်၍ စာရေးဆရာ အောင်သင်း “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် (Book Club) ဦးစိုင်းသစ်က စာပေဝါသနာရှင်များအချင်းချင်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှုရှိပြီး အမှားအမှန်ကို ကိုယ်တိုင်ဝေဖန် ပိုင်းခြားနိုင်ခြင်း စသည့် ရည်ရွယ်ချက်များကို ရရှိစေရန် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော (Book Club) အသင်းမှ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်၌ ပါဝင်သည့် ဗေဒင်နှင့်ဘဝရည်မှန်းချက်၊ ဟောပြောချက်၊ နောက်ဆက်တွဲ အမေးများကို ဖတ်ကြား၍ တစ်ဦးချင်းစီ၏ အမြင်များကို ဆွေးနွေးခဲ့ပြီး လူ့ဘဝကြီးပွားဖို့ဆိုတဲ့အထဲတွင် မိမိကြောင့် ပတ်ဝန်းကျင် စိတ်ချမ်းသာပျော်ရွှင်မှုဟာ အရေးကြီးဆုံးဖြစ်ကြောင်း (Book Club) အသင်းဥက္ကဋ္ဌ ဦးစိုင်းသစ်က ထပ်ဆင့်ဆွေးနွေးခဲ့‌ကြောင်း သိရသည်။

 အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် တစ်လ(၁)ကြိမ် လစဉ်ပုံမှန် ဆောင်ရွက်သွားမည့်အကြောင်းကို မိုင်းလုံမြို့ ပြန်/ဆက်ရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဇော်ဇော်