Facebook ကောင်းကျိုးဆိုးကျိုး အသိပညာပေးဆွေးနွေးပွဲ နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်

နမ္မတူ ဖေဖော်ဝါရီ ၁၇

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ Facebook ကောင်းကျိုးဆိုးကျိုး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက ယနေ့ကမ္ဘာကြီး ခေတ်မီတိုးတက်လာသည်နှင့်အမျှ လူမှုကွန်ရက် အသုံးပြုခြင်းဟာ ပိုမိုကျယ်ပြန့်လာကြောင်း၊ လူမှုကွန်ရက်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များ၊ ကလေးငယ်များ ကွန်ပျူတာ ပညာရပ်ကို လေ့လာတာ၊ ကွန်ပျူတာအသုံးပြုပြီး အိမ်စာကျောင်းစာတွေ လုပ်တာပြဿနာမဟုတ်ကြောင်း၊ အွန်လိုင်း ဆက်စပ်မှု၊ တီဗီ၊ စမတ်ဖုန်း၊ တက်ဘလက်တွေနဲ့ ဖျော်ဖြေရေးအတွက်ဖြစ်စေ ဂိမ်းကစားရန် အတွက်ဖြစ်စေ အချိန်ကုန်စေတာက ပြဿနာ ဖြစ်ကြောင်း၊ အသက် (၂)နှစ်မှ (၅)နှစ်အထိ ကလေးငယ်တွေဟာ စခရင်ရှေ့မှာ တစ်နေ့ကို တစ်နာရီ၊အသက် (၅)နှစ်မှ (၁၈)နှစ်အထိ ကလေးငယ်တွေကတော့ တစ်နေ့ကို နှစ်နာရီခန့်သာ စခရင်ရှေ့မှာ အချိန်ကုန်သင့်ကြောင်း၊ ကလေးငယ်များ လူမှုကွန်ရက်ကို စနစ်တကျ အသုံးပြုခြင်းဖြင့် အရိုးနဲ့လက်ချောင်းကို သန်မာမှုဖြစ်စေခြင်း၊ စူးစမ်းလေ့လာတတ်ခြင်း၊ ထိန်းကျောင်းရ သက်သာခြင်း၊ စိတ်ပျော်ရွှင်စေခြင်း၊ အသုံးချနိုင်သည့်နည်းပညာများရရှိခြင်းနှင့် စနစ်တကျ မသုံးစွဲပါက ဆိုးကျိုးများဖြစ်သည့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ တကယ့် လက်တွေ့နှင့် ကင်းကွာခြင်း၊ ပေါင်းသင်းဆက်ဆံရေးအားနည်းလာခြင်း၊ စိတ်ကျန်းမာရေး ထိခိုက်ခြင်း၊ ပိုက်ဆံကုန်ခြင်း စသည်ဖြင့် လူမှုကွန်ရက်အသုံးပြုခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများအား ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ် လေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ အလယ်တန်း ကျောင်းသား/ ကျောင်းသူလေးများက သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ရာ မြို့နယ် ဦးစီးမှူးမှ ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးအနေဖြင့် ကျောင်းသား/ ကျောင်းသူ လူငယ် လူရွယ်လေးများ လူမှုကွန်ရက်အသုံးပြုရာတွင် ရရှိနိုင်သည့် ကောင်းကျိုးဆိုးကျိုးများကို သိရှိနားလည်ပြီး စနစ်တကျ သုံးစွဲတတ်စေရနှင့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆွေးနွေး တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယုခုလို အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရသည်။

လူမော် (ပြန်/ဆက်)