ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့ဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြိုတင် ကာကွယ်ရေး အတွက် ကျန်းမာရေးသုံး နှာခေါင်းစည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကျောက်ဆည် မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက ခရိုင်ရဲတပ်ဖွဲ့ဝင် ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးသုံး နှာခေါင်းစည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ခရိုင်ရဲတပ်ဖွဲ့၊ ယာယီရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး အောင်မြင့်သိန်းက တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စိတ်အနှောက်အယှက်မရှိစေရေးအတွက် ကျန်းမာရေးသုံး နှာခေါင်းစည်းများ နှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ကြက်သွန်နှင့် အာလူးများ ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်မိသားစု စည်းကမ်းထိမ်းသိန်းရေးနှင့် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်တင်တင်ကြိုင်တို့က အိမ်ထောင်သည် ရဲဝန်ထမ်း(၃၇)ဦးအား ဆန်(၅)ပြည်၊ ကြက်သွန် (၂) ပိဿာနှင့် အာလူး(၂) ပိဿာတို့ကို လည်းကောင်း၊ လူပျို/အပျိုဝန်ထမ်းများအား ဆန်(၃)ပြည်၊ ကြက်သွန် (၁)ပိဿာ၊ အာလူး(၁)ပိဿာနှင့် ကျန်းမာရေးသုံး နှာခေါင်းစည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် အရာရှိ(၁၄)ဦးနှင့် အခြားအဆင့် (၃၉)ဦး၊ စုစုပေါင်း(၅၂)ဦး တာဝန် ထမ်းဆောင်လျက် ရှိကြောင်းလည်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)