ငွေဆောင်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် Omicron(အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ငွေဆောင်​ ဖေ​ဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူး​ပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ် Omicron(အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မစျေး၊ မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ပြည်သူများသိရှိစေရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေး‌ နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာခြင်း၊ မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိလာခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုစက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ အလုံပိတ် အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမှု ခံယူကြရန်နှင့် ငွေဆောင်မြို့အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအနေဖြင့် သတ်မှတ်နေရာများ၌ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရန် စသည့် အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မူမူ