မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်၌ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းခုတ် ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာကြည့်တိုက်သို့ မအားလပ်သဖြင့် မလာနိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု ဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီက ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းနှင့် ဝန်ထမ်းများက သုတ၊ ရသ စာအုပ်ပေါင်း (၁၅၀)ကို သယ်ဆောင်၍ အမှတ်(၂)ရပ်ကွက်အတွင်းရှိ စာဖတ်ပရိတ်သတ်များထံ အိမ်တိုင်ရာရောက် ရွေ့လျား စာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက် သို့မလာနိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူးကာ We Love Mong Khoke Facebook Page နှင့် မိုင်းခုတ်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း