ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါ အိုမီခရွန် ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်

ညောင်ဦး  ဖေဖော်ဝါရီ   ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါ အိုမီခရွန် ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ညောင်ဦးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော (Omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်း ရောဂါကူးစက်ပြန့်ပွားမှု  ရောဂါကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ အခြားသူများထံသို့ သွားရောက် လည်ပတ်ခြင်းမပြုရန်၊ နေအိမ်အပြင်ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်းစနစ်တကျ တပ်ဆင်သွားရန်၊ နှာခေါင်းစည်းတပ်ဆင်ထားခြင်း မရှိသူများနှင့် စကား ပြောဆိုခြင်း၊ နှာခေါင်းစည်း မတပ်ဘဲ ဈေးရောင်းသူများထံမှ ဈေးမဝယ်ယူရန်၊ တစ်ဦးနှင်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာ၊ မကြာခဏဆေးကြောရန်၊လူစုလူ ဝေးရှောင်ရှားရန်၊ သက်ကြီး ရွယ်အိုများ၊ ဆီးချို၊ သွေးချိုနှင့်နှလုံးရောဂါ အခံရှိသူများ ရောဂါ ကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြု နေထိုင်ကြရန်၊ ရောဂါပိုးကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများ သို့ဆက်သွယ်၍မပျက်မကွက် ဆေးကုသမှု ခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ် ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူအားလုံးက ကိုယ်စီလိုက်နာကြရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD