တန့်ယန်း ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးကို မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရာ ယခုအခါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်) ရောဂါပိုး ကူးစက် ပြန့်ပွားမှုမရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်းကာ အသိပညာပေးခြင်းလုပ်ငန်းအား ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်) ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် အသိပညာပေးခြင်းဆောင်ရွက်ရာတွင် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းကြောင့် (အိုမီခရွမ်) ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် စည်းကမ်းချက်များ၊ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များ၊ မိမိ၏လက်ကို လက်ဆေးဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ နေအိမ်ပြင်ပသို့ ထွက်သူတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်၍သွားလာ အသုံးပြုရန်နှင့် Mask များကို အသုံးပြု ပြီးစီးပါက စနစ်တကျ စွန့်ပစ်ရန်၊ မိမိ၌ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စစ်ဆေးမှု ခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွမ်)ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန် ပြည်သူလူထု တစ်ရပ်လုံးက ကျန်းမာရေးအသိဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်နိုင်ရန် မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ယင်းအပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြရန်ကိုလည်း အသိပေး နှိုးဆော် ကြေညာပေးကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)