ဒေးဒရဲ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စတင်၍ ဒေးဒရဲမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးများနှင့် လူစည်ကားရာနေရာများတွင် စနစ်တကျလက်ဆေးနည်း အသိပညာပေးစာစောင်များကပ်၍ လက်ဆေးဘေစင်များထားရှိ ပေးခြင်း၊ ဒေးဒရဲမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ခရီးသွားများအား ကိုယ်အပူချိန်တိုင်းတာ ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စည်ပင်သာယာမြို့မဈေးအတွင်း နေ့စဉ် ပိုးသတ်ဆေးဖြန်းခြင်း၊ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေး လိုက်နာဆောင် ရွက်ရမည့် နည်းလမ်းများအား ပြည်သူများ သိရှိစေရေးအသံချဲ့စက် များဖြင့် လိုက်လံအသိပေး နှိုးဆော်ပေးခြင်းစသည့် လုပ်ငန်းများအား ဌာနဆိုင်ရာများ၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီများနှင့် အထောက်အကူပြုအဖွဲ့များပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
“ဒေးဒရဲမြို့အနေဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား Facility Quarantine အဖြစ် မြို့ပေါ်တွင် စက္ခုဒါနမျက်စိဆေးရုံနှင့် အထက(၃)ကျောင်းတို့တွင် ဖွင့်လှစ်ထားရှိကာ ကျေးရွာများတွင် သက်ဆိုင်ရာ ကျောင်းများ၌ ဖွင့်လှစ်ထားရှိပြီး မတ်လ(၃၀) ရက်နေ့အထိ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူ (၄၀)ဦးတို့အား အပူချိန်တိုင်းတာပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့မှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဒေးဒရဲမြို့၌ Facility Quarantine ဆောင်ရွက်ထားရှိသည့် ပြည်ပမှပြန်လည် ရောက်ရှိလာသူများ အားလုံး ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်း” မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၏ ပြောကြားချက်အရသိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)