ပင်လယ်ပျော်ဆလုံတိုင်းရင်းသားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကော့သောင်း  ဖေဖေါ်ဝါရီ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ဂျလန်းကျွန်း၊ ဆလုံတိုင်းရင်းသားကျေးရွာမှ ဆလုံတိုင်းရင်း သားများအား  ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Second Dose) ဒုတိယအကြိမ်အဖြစ် သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံမှုတွင် ဂျလန်းကျွန်းပေါ်ရှိ ဆလုံတိုင်းရင်းသားများ အပါအဝင်ကျေးရွာ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovac အား အောက်တိုဘာလအတွင်းက ပထမကြိမ်ထိုးနှံပေးခဲ့အပြီး ယခု (Second Dose) ဒုတိယအကြိမ်အဖြစ် သွားရောက် ထိုးနှံပေး ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတောင်ဖက်စွန်း ပင်လယ်ကျွန်းတစ်ချို့သည် ပင်လယ်ပျော်လူသားမျိုးနွယ်စု တစ်ခုဖြစ်သည့် မော်ကင်း(ခေါ်)ဆလုံလူမျိုးများ နေထိုင်ကျက်စားရာ ဒေသများဖြစ်ပြီး ရှားပါးလူသား မျိုးနွယ်စုလည်းဖြစ်ရာ ယနေ့ကမ္ဘာနှင့် အဝှမ်းကူးစက်ဖြစ်ပွားနေသည့် ကိုဗစ်၁၉ရောဂါ ဆလုံလူမျိုးများ အများစုနေထိုင်ရာ ကျေးရွာများသို့ ကူးစက်ပျံ့ပွားမှုမရှိစေရန် ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိအဖွဲ့ အစည်းများ ပူးပေါင်း သွားရောက်ထိုးနှံပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကျော်စိုး(ကော့သောင်း)