ကော့သောင်း ဖေဖေါ်ဝါရီ ၂၁
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုလုပ်ငန်းစည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပင်လယ်ကျွန်းကျေးရွာဖြစ်သည့် စူငယ်ဘာလိုင်းကျေးရွာ အုပ်စု၊ ဂျလမ်းကျွန်းဆလုံတိုင်းရင်းသားကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။
လက်ရှိကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)ပြည့်ပြီး မိသားစုဝင်များနှင့် အသက် (၁၈)နှစ်ပြည့်ပြီး သူများ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံးပျက်စီးသူများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန် ကျန်ရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ပန်းခင်းစီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ကော့သောင်းမြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက် များနှင့် ကျေးလက်တောရွာများအပါအဝင် ဝေးလံခေါင်ဖျား ခရီးလမ်းပန်းဆက်သွယ်မှုခက်ခဲရာ ပင်လယ်ကျွန်းကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)