ကျောက်ဆည် ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဘုံကွင်းကျေးရွာတွင် စပျစ်ပင်များစမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အသီးထွက်နှုန်းကောင်းမွန် ကာ ရောင်းချရာတွင်လည်း ဈေးနှုန်းသင့်တင့်စွာ ရောင်းရသဖြင့် စပျစ်စိုက်တောင်သူများ စီးပွားရေးတွက်ခြေကိုက်လျက်ရှိကြောင်း သိရှိရသည်။
စပျစ်အပင်(၅၀၀)စိုက်ပျိုးမည်ဆိုပါက အသီးဆွတ်ခူးချိန်အထိ စုစုပေါင်းကုန်ကျငွေ (၁၆)သိန်းခန့်ကုန်ကျကြောင်း အသီးများ ခူးဆွတ်ရာတွင် ရက်ပေါင်း (၆၀) ကျော်အထိ ခူးဆွတ်ရကာ ကုန်ချိန်(၁၅၀၀)ပိဿာခန့်ရရှိကြောင်း ရောင်းဈေးအနေဖြင့် တစ်ပိဿာ (၂၀၀၀)ကျပ်၊ (၃၅၀၀)ကျပ် ဈေးအမျိုးမျိုးရောင်းရသဖြင့် ငွေကျပ်သိန်း(၅၀)ခန့် ရရှိကြောင်း ဘုံကွင်းကျေးရွာမှ ကိုယ်တိုင်စပျစ်စိုက်ပျိုးသူ ဦးအောင်ခိုင်ဝင်းကပြောပြသည်။
စပျစ်စိုက်ပျိုးမည်ဆိုပါက ဦးစွာအနက်တစ်ပေ၊အကျယ်တစ်ပေမြေကျင်းများတူးပြီး သဘာဝမြေဆွေးများထည့်ကာ မြေများပြုပြင်ထားရကြောင်း မြေပြုပြင်ပြီးမှ စပျစ်အရိုင်းပင်ကို စတင်စိုက်ပျိုးပြီး (၆)လအကြာတွင် အညွှန့်ကိုင်းဖြတ်ပြီး မိမိစိုက်ပျိုးလိုသည့် အယဉ်မျိုးနှင့် ကိုင်းကူးပေးရကြောင်း ကိုင်းကူးပြီး(၆)လ အကြာ တွင် စပျစ်သီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ သပျစ်သီးနှံသည် ကျောက်ဆည်မြို့၏ ရာသီးဥတု၊ ရေ၊ မြေနှင့်ကိုက်ညီပြီး အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက အကျိုးအမြတ်များသောကြောင့် တောင်သူများအနေဖြင့် စပျစ်ပင်များ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)