တောင်ကြီးမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

တောင်ကြီး ဖေဖော်ဝါရီ   ၂၁

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့်လှည့်လည်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ကြောင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့်  ပြည်သူလူထုအနေဖြင့်  ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စနစ်တကျစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် မိမိအနေဖြင့် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသ၍ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်အတိုင်း တိကျစွာလိုက်နာကြရန်၊ မိဘပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RTD Test Kit ဖြင့် အခမဲ့စစ်ဆေးနိုင်သည့်နေရာများနှင့် အောက်ဆီဂျင်လိုအပ်ပါက ဆက်သွယ် ဆောင်ရွက်နိုင်သည့် ဖုန်းနံပါတ်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇော်နိုင်လင်း