မိုးမိတ် ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့ နံနက် ၇ နာရီ အချိန်မှစတင် ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာ နှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (mask) များ(အခမဲ့) ဖြန့်ဝေခြင်းကို ကုန်စိမ်းနှင့်သားငါး ယာယီဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များသည် ကိုဗစ်-၁၉ စတုတ္ထလှိုင်း ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကုန်စိမ်းနှင့်သားငါး ယာယီဈေးရှိ ဈေးသူ/ဈေးသားများနှင့် ဒေသခံမိဘပြည်သူများအား နှာခေါင်းစည်း (mask) တပ်ဆင်၍ သွားလာကြရန်အတွက် နှာခေါင်းစည်း (mask) များဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် ပြည်သူများမှ ပူးပေါင်းပါဝင်ပြီး ကာကွယ်တိုက်ဖျက်သွားနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်း သားမိဘပြည်သူများအားလုံး ကကိုယ်စီလိုက်နာပြီး ကျန်းမာရေးအသိ၊ သတိများရရှိစေရန်ရည်ရွယ်၍ စဉ်ဆက်မပြတ် လှည့်လည်အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)