မိတ္ထီလာ ဖေဖော်ဝါရီ ၂၁
မိတ္ထီလာမြို့နယ် တပျော်ကျေးရွာအုပ်စု တမာပင်ကျေးရွာ မူလတန်းကျောင်းနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် လိုအပ်လျက်ရှိသည့် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးတို့အတွက် ကမ်းလက်များပညာရေးနှင့် ကျန်းမာရေး ပရဟိတမိသားစုအဖွဲ့နှင့် အလှူရှင်စေတနာရှင်များက စုပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
တပျော်ကျေးရွာအုပ်စုတမာပင်ကျေးရွာ မူလတန်းကျောင်းမှာ သောက်သုံးရေအခက်အခဲရှိတာကြောင့် လာရောက်လှူဒါန်းပေးဖို့ ပြီးခဲ့တဲ့လထဲက ဆက်သွယ် အကြောင်းအကြားလို့ သွားရောက်ပြီး သောက်သုံး ရေ လှူဒါန်းရင်း စာသင်ကျောင်းနဲ့ ဘုန်းကြီကျောင်းမှာ သောက်သုံးရေနဲ့ လျှပ်စစ်မီးရရှိရေးအခက်အခဲ ဖြစ်နေ တာပါတွေ့ရတယ်။ တမာပင်ကျေးရွာမှာ လျှပ်စစ်မီးရရှိပေမယ့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့က ကျေးရွာနဲ့ ချောင်းရိုးလေးခြားပြီး လျှပ်စစ်မီး သွယ်တန်းရရှိဖို့လိုအပ်နေတွေ့ရတယ်။ အဲဒါကြောင့်စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်း အတွက်လျှပ်စစ်မီးသွယ်တန်းခြင်း၊ လျှပ်စစ်မီးသီး၊ မီးချောင်းများ တပ်ဆင်ပေးခြင်းတွေကိုဆောင်ရွက်ပေးတာပါ။ သောက်သုံးရေအခက်အခဲအတွက် အဝီစိတွင်းသစ်တူးဖော်ပေးဖို့ ကနဦး စီစဉ်ခဲ့ပေမယ့် လက်ရှိ ဘုန်းကြီး ကျောင်း အတွင်းမှာရှိတဲ့ရေတွင်းက ရေကိုပဲ သုံးစွဲရင် ရနိုင်တာကြောင့် ရေတွင်းကနေ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းသောက်သုံးရေ ကန်များ ဆီကို ရေပိုက်လိုင်း သွယ်တန်းပေးပါတယ်။ ရေပိုက်လိုင်းက တဆင့် ရေတွင်းကရေကို ရေစုပ်စက်နဲ့ တင်ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအုတ်ရေကန်တွေဆီ ပို့ဆောင်ပေးတာမျိုးဆောင်ရွက်ပေးတာပါ။ သောက်သုံးရေအုတ်ကန် တစ်ခုစီကိုလည်း ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းအတွက် အသစ်ဆောက်လုပ်ပေး ခဲ့ပြီး သောက်သုံးရေ အတွက်လည်း ရေသန့်စက် တပ်ဆင်ပြီး သောက်သုံးနိုင်အောင် ပြုလုပ်ပေးခဲ့တယ်။ စာသင်ကျောင်းမှာ ကျောင်းသူကျောင်းသားတွေ လက်ဆေးနိုင် ဖို့လက်ဆေးဘေစင်လေးတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ အခုလို လှူဒါန်းဆောင်ရွက်မှုစုစုပေါင်း ကုန်ကျငွေက ငွေကျပ်သိန်းတစ်ရာခန့်ရှိပြီး အလှူရှင်စေတနာရှင်မိသားစုတွေနဲ့ ကမ်းလက်များပညာရေးနှင့်ကျန်းမာရေး ပရဟိတမိသားစုအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ပေးခဲ့တာပါဟု အဆိုပါပရဟိတ မိသားစုအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တမာပင်ကျေးရွာသည် မိတ္ထီလာမြို့၏ အနောက်ဘက် ၂ဝ မိုင်ခန့်အကွာတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကျေးရွာတစ်ရွာဖြစ်သည်။ ကျေးရွာမူလတန်းကျောင်းတွင် သူငယ်တန်း ၁၂ ဦး ၊ပထမတန်း ၁ဝဦး၊ ဒုတိယတန်း ၉ ဦး၊ တတိယတန်း ၉ ဦး၊ စတုတ္ထတန်း ၁၁ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၅၁ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ချမ်းသာ