မြစ်ကြီးနား ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတို့နှင့်အတူ မြစ်ကြီးနားခရိုင်အတွင်း ဝေးလံခက်ခဲသည့် ဆော့လော်မြို့နယ်နှင့် ဖီမော်ဒေသဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက် နှင့် ၂၀ ရက်တို့က ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် ချီဖွေမြို့ ဥက္ကပ်ရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲ ရုံးသစ်အဆောက်အအုံဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ သိက္ခာတော်ရဆရာတော်များက အဆောက်အအုံသစ်အတွက် ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်အပ်နှံပြီး ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာအမာမော်နိုင်နှင့် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ICRC တာဝန်ခံတို့က အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကာ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ခွဲအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆော့လော်မြို့သို့ ချီဖွေ-တောင်သုံးလုံး- မက်လင်ကော့-ဆော့လော်လမ်းကြောင်းအတိုင်း သွားရောက်ခဲ့ကြပြီး ချီဖွေမြို့မှ(၄)မိုင်စခန်း- စုစည်း - တောင်သုံးလုံး - မက်လင်ကော့ (၁၉)မိုင်လမ်းပိုင်းအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေတို့ဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည့် လမ်းတာချဲ့ခြင်းလုပ်ငန်းများ၊ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများနှင့် (၅)မိုင်ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လမ်းအလုပ်သမားများ အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၅၂၀၀ အမြင့်ရှိ ဆော့လော်မြို့သို့ ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ဆော့လော်ဒေသသည် ပြည်နယ်အတွင်း ဝေးလံခက်ခဲပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသတစ်ခုဖြစ်သည့်အတွက် တောင်ပေါ်မြေပြန့်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရေး မိမိတို့ အစိုးရအဖွဲ့အနေဖြင့် အလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များကို ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျတ်ချထားပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအပြင် မိမိတို့နိုင်ငံအတွက် တိုင်းရင်းသား အားလုံးပါဝင်နိုင်သည့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖြစ်လာစေရေးအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ဆော့လော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ကိုဗစ် -၁၉ ကာကွယ်ဆေးလွှမ်းခြုံထိုးနှံပေးနိုင်ရေး၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအတွက် ထောက်ပံ့ငွေကျပ် ၂၆ သိန်းနှင့် စားနပ်ရိက္ခာများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံဂပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ဖီဖော်ဒေသသို့ ထွက်ခွာခဲ့ကြပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖီဖော်ဒေသရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ် ကျောက်တိုင်နှင့် နယ်စပ်အခြေအနေ၊ ဒေသခံတိုင်းရင်းသားများ စိုက်ထူ ထားသည့် သမိုင်းဝင်ကျောက်တိုင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဖီမော်ဒေသရှိ စစ်ဗျူဟာမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ဖီမော်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဒေသတွင်းရှိ အုပ်ချုပ်ရေးမှူးများအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းနှင့် ဆောင်းဝတ်အနွေးထည်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ချီဖွေ-လောခေါင်-ထောဂေါ့-ဖီမော်သွားလမ်းပေါ်ရှိ ဗွီလပ်ကျေးရွာအနီး မိုင်တိုင် (၁၀၂ နှင့် ၁၀၃ ကြား) ဗွီလပ်ချောင်းပေါ်တွင် ပေ (၁၈၀)ရှည် သံကူကွန်ကရစ် တည်ဆောက်ပေးနိုင် ရေးစီမံဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်