ကော့သောင်း မတ် ၃၁
ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေး ကြီးကြပ်မှုကော်မတီ အရေးကြီး အချိန်ကာလအတွင်း ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ်/မြို့များ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု ကာကွယ်ရေး၊ ကုသရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်မူဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းမှု အစည်းအဝေးတစ်ရပ်ကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၊ ကော့သောင်းခရိုင်၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်၊ ကုသရေးကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ နယ်မြေခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဝေလင်း မြို့နယ် ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ကော့သောင်းခရိုင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်၊ ကုသရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ အမျိုးသားရေး လုပ်ငန်း ရပ် အသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကော့သောင်းခရိုင်အနေဖြင့် သာမန်အချိန်၊ အရေးကြီးအချိန်နှင့် အရေးပေါ်အချိန်များ ပိုင်းခြားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကာလတွင် နိုင်ငံအတွင်း ရောဂါပိုး တွေ့ရှိသူများ နေ့စဉ်တိုးပွားလာနေရာ ကော့သောင်းခရိုင်အနေဖြင့် ရောဂါပိုးတွေ့ရှိသူ မရှိသေး သော်လည်းပေါ့ဆ၍ မရကြောင်း၊ ပိုးတွေ့ရှိသူကြုံတွေ့လာခဲ့ရင်ဆိုသည့် အသိဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် အထူးလိုအပ်ပါကြောင်း၊ ကော်မတီဝင်ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းတာဝန် များအား အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ စောင့်ကြည့်ရမည်သူနှင့် ရောဂါသံသယရှိသူ၊ ရောဂါ ပိုးရှိသူများ ပေါ်ပေါက်လာပါက ဆောင်ရွက်ရမည့် အစီအမံများဖြစ်သည့် Home Quarantine (နေအိမ်စောင့်ကြည်ခြင်း) Hospital Quarantine (ဆေးရုံစောင့်ကြည့်ခြင်း) Facility Quarantine (သီးခြားနေရာများတွင် စောင်ကြည့်ခြင်း)၊ ၎င်းတို့၏ လိုအပ်ချက်များကို ဖြည်ဆည်းဆောင်ရွက်ပေးမည့် အစီအမံများ၊ လူနာများအား စနစ်တကျစစ်ဆေးဆောင်ရွက်နိုင်ရေးနှင့် ကျန်းမာရေးညွှန်ကြားချက်များ နှင့် အညီစနစ်တကျ စောင့်ရှောက်ရေးစသည့်ကိစ္စရပ်များ၊ ရောဂါဖြစ်ပွားပေါ်ပေါက်လာပါက Volenteer များ ရှာဖွေဆောင်ရွက်ကြရန်နှင့် ဒေသတွင်းပြည်သူများ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ ကုန်ဈေးနှုန်းထိန်းချုပ်ရေးနှင့် အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများ အဆင်ပြေချောမွေ့နိုင်ရေး ကြိုတင် ပြင်ဆင်ထားသည့် အစီအမံများအား ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုကြောင်း အဖွင့်ပြောကြားသည်။
ဆက်လက်၍ နယ်မြေခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဝေလင်းက တပ်မတော်အနေဖြင့် အမျိုးသားအဆင့်လုံခြုံရေး အဓိကထားဆောင်ရွက်လျက်ရှိသော်လည်း ဒေသတွင်း သဘာဝ ဘေးအန္တရာယ်နှင့် လူသားတို့ကြောင့် ဖြစ်ပွားရသည့် ဘေး အန္တရာယ်များ၊ တရားဥပဒေစိုးမိုးရေးကိစ္စများ ကြုံတွေ့လာပါက ပြည်သူများနှင့်အတူ ကူညီပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ရောဂါဖြစ်ပွား လာပါက ကော့သောင်းမြို့နယ်အတွင်းရှိ တပ်မတော်ကုတင်(၁၀၀)ဆေးရုံ ဆေးတပ်ဖွဲ့ဖြင့် မြို့ အကျိုး အားသွန်ခွန်စိုက် ဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က နိုင်ငံတော်နှင့် ခရိုင်မြို့နယ် အခက်အခဲ ကြုံလာခဲ့ပါက ဂိုဏ်းဂဏပါတီ ပုဂ္ဂိုလ်စွဲမရှိ အတူတကွ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ လက်ရှိ အရေးပေါ်အချိန်ကာလတွင် တပ်မတော်နှင့် မြို့ပြအုပ်ချုပ်ရေးအဖွဲ့အစည်းများ အပြန် အလှန် ပူးပေါင်း ဆောင်ရွက်နေမှုများကို တွေ့မြင်နေရသည်မှာ အားရဖွယ်ရာကောင်းပါကြောင်း၊ အရေးကြီးကိစ္စများ ဖြစ်ပေါ်လာပါက အဆင့်ဆင့်သတင်းပို့တင်ပြ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထိုနောက် ကော့သောင်းခရိုင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်၊ ကုသရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဇော်က ခရိုင်အတွင်း ရောဂါကာကွယ် ထိန်းချုပ်၊ အသိပညာပေး လုပ်ငန်း ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ လက်ရှိမြို့နယ်အတွင်း Home Quarantine (နေအိမ်စောင့်ကြည်ခြင်း) Hospital Quarantine (ဆေးရုံစောင့်ကြည့်ခြင်း) ဆောင်ရွက် ထားရှိမှုအခြေအနေနှင့် ဆောင်ရွက်ပြီးစီးသူများအား မိမိအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့မှု အခြေအနေ များ၊ PPE ဝတ်စုံများခရိုင်အတွင်း ကျန်းမာရေးဌာနများနှင့် ကြက်ခြေနီတပ်ဖွဲ့များသို့ ခွဲဝေချထားပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများအား တင်ပြဆွေးနွေး ပြောကြားသည်။
ယင်းနောက် ကော့သောင်းမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်၊ ကုသရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများအလိုက် ရောဂါ ထိန်းချုပ်ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်ဌာန ဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှု လုပ်ငန်းစဉ် များနှင့် ဖြည့်စွက်အကြံပြုချက်များအား အသီးသီးတင်ပြ အကြံပြု ဆွေးနွေးခဲ့ကြကြီး ခရိုင်ကော်မတီဥက္ကဋ္ဌက အကြံပြုတင်ပြချက်များအပေါ် ပြန်လည် ဖြည့်စွက်ဆွေးနွေးမှာကြားပြီး နိဂုံးချုပ်ပြောကြားရာ အစည်းအဝေးကို ညနေပိုင်း တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ကျော်စိုး (ကော့သောင်း)