ရွှေကူ သြဂုတ် ၂၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် မန္တလေး−ဗန်းမော် ကားလမ်းမပေါ် အောက်လေးလမ်းဆုံ၌ ယနေ့ နံနက် ၄ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း ဦးဆောင်သော ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာခြင်းကို မန္တလေး − ဗန်းမော် ကားလမ်းမပေါ်ရှိ ယာဉ်မောင်းနှင့် ခရီးသည်များအား အသိသတိရှိစွာ နေထိုင်သွားလာကြရန်၊ လက်ကိုမကြာခဏ ဆေးကြောသန့်စင်ရန်၊ အပြင်ထွက်တိုင်း နှာခေါင်း စည်း(Mask)များ တပ်ဆင်ပြီးမှသာလျှင် သွားလာကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များကို လိုက်နာဆောင်ရွက်ကြရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်သည်။
မန္တလေး− ဗန်းမော် ကားလမ်းမပေါ်တွင် သွားလာလျက်ရှိသော ယာဉ်မောင်းနှင့် ခရီးသည်များမှတစ်ဆင့် အများပြည်သူသို့ ကိုဗစ်−၁၉ ရောဂါ မဖြစ်ပွား၊ မပြန့်ပွားစေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း ဦးဆောင်သော ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနတို့ပူးပေါင်း၍ ယာဉ်မောင်းနှင့်ခရီးသည်များအား ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ရခဲ့ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)