ကျေးလက်ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဖွင့်လှစ်မှုအား ကြည့်ရှုစစ်ဆေး

မြိတ်   ဖေဖော်ဝါရီ   ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ကျေးလက်နေပြည်သူများအတွက် မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်သင်ကြားပေးနေမှုအား ဖေဖော်ဝါရီ (၂၂)ရက်က တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကလင် ဘန်းကျေးရွာ ကျေးရွာကုန်ထုတ်လမ်း( မြေသား+ဂဝံမြေ )ခင်းခြင်းနှင့် Box culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ရှမ်းထိန် ကျေးရွာတွင် ဆောင်ရွက် လျက်ရှိသည့် ဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးရဲခေါင်၊ တိုင်းဒေသကြီး ဒုတိယညွန်ကြားရေးမှူး(နည်းပညာ)၊ ခရိုင်ဉီးစီးမှူးနှင့် တာဝန်ရှိသူ များက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများ ကို သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းပြည့်မီစွာဖြင့် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တောင်ပုလဲကျေးရွာတွင် ကျေးရွာပြည်သူများအား အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ် သင်ကြားပေး နေမှုအား ကြည့်ရှု အားပေးခဲ့ကြသည်။ ကျေးလက်နေပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော ကျေးရွာ ကုန်ထုတ်လမ်းသည် အရှည်(၁/၀)မိုင်၊ အကျယ် (၁၂)ပေ၊ (၂)ပေ(၉)လက်မထုနှင့် Box culvert (၂)စင်းကို ရန်ပုံငွေကျပ်(၆၃)သန်းဖြင့်ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် (၉၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကာ အုတ်ရေကန် အလျား(၁၅)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၆)ပေ တည်ဆောက်ခြင်းလုပ်ငန်းများကို ရန်ပုံငွေကျပ်(၅.၄၃)သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် (၈၅) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(မြိတ်)