မြိတ် ဖေဖော်ဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ယနေ့ နံနက်ပိုင်း ကဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ စေတနာ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်မည့်ကဏ္ဍအလိုက် အချိတ်အဆက်မိမိ ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ရာသီဉတုပြောင်းလဲမှုများနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့် လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် သဘာဝဘေးအန္တရာယ်အကြောင်း၊ မီးဘေးအန္တရာယ်အကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေး၊ ကယ်ဆယ်ရေးစခန်း ညှိနှိုင်းဆောင်ရွက်မှုနှင့် စီမံခန့် ခွဲမှု၊ သဘာဝဘေးလျော့ပါး သက်သာစေရန် နည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးနှင့် သဘာဝဘေးလျော့ပါရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် အန္တရာယ်ဆုံးရှုံး နိုင်ခြေလျော့ချခြင်းကိုထည့်သွင်းရေးဆွဲခြင်း၊ ရှေးဦးပြုစုခြင်းများ၊ အရေးပေါ်ကာလအတွင်း ကျန်းမာရေးစောင့် ရှောက်ခြင်း၊ လူမှုစိတ်ပိုင်း ဆိုင်ရာပြန်လည်ထူထောင်ခြင်း စသည့်ဘာသာရပ်များကို သင်ကြားပေး သွားမည်ဖြစ်ပြီး အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
သင်တန်းကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်နွေးနွေးစိုးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား၍ သင်တန်းစတင်ခဲ့သည်။ သင်တန်းကို ဖေဖော်ဝါရီလ(၂၃)ရက်မှ (၂၅)ရက် အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းသား (၃၀)ဦး တက်ရောက်လျက်ရှိကြကြောင်း သိရသည်။
ခိုင်ထူး(မြိတ်)