ညောင်ဦးမြို့နယ် ထိုင်ဝမ်သင်္ဘောစိုက်ပျိုးတောင်သူများ ထွက်သလောက်ရောင်းချရပြီး ထပ်စိုက်ပျိုးသူများလာ

ညောင်ဦး  ဖေဖော်ဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများ၊ သစ်ထောင့်ကျွန်းကျေးရွာများသည် ထိုင်ဝမ်သင်္ဘောစမ်းသပ်စိုက်ပျိုးခဲ့ရာ ထိုင်ဝမ်သင်္ဘောသီးပေါ်ချိန် ဈေးကွက်အတွင်း ထွက်သလောက်ရောင်းကောင်းခြင်းကြောင့် ထပ်မံစိုက်ပျိုးဖို့ပျိုးထောင် ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သစ်ထောင့်ရွာနေ တောင်သူ ဦးတင်မောင်ဝင်း ကထံကသိရသည်။

ညောင်ဦးမြို့နယ် ထိုင်ဝမ်သင်္ဘောစိုက်ပျိုးခြင်းအား ယခင်ကစိုက်ပျိုးမှုမရှိခဲ့ပဲစမ်း တစ်ဧကခန့် စမ်းသပ်စိုက်ပျိုးခဲ့ရာကနေ ထပ်မံစိုက်ပျိုးခဲ့ရာ အသီးသီးနှုန်းကောင်းမွန်ပြီး အသီးလည်းကြီးကာ သင်္ဘောသီးတစ်လုံး အစိမ်းသုံးရာကျပ်မှလေးကျပ်ထိရောင်းချခဲရပြီး သင်္ဘောသီးအမှည့်တစ်လုံး ငါးရာကျပ်မှ ခုနှစ်ရာကျပ်အထိ ဖောက်သည် ဈေးရောင်း ချခဲ့ရကြောင်း ဦးတင်မောင်ဝင်းက ရှင်းပြသည်။ ထိုင်ဝမ်သင်္ဘောစိုက်ပျိုးခြင်းအား အစေ့လေးရာပါ ထိုင်ဝမ်သင်္ဘောပျိုးစေ့ထုပ် ဝယ်ယူပြီး တစ်စေ့တစ်အိတ်ဖြင့် ထည့်ပျိုး ထောင်ရပြီး ခုသုံးလုံးတံဆိပ်ဝယ်ယူကာ ပျိုးစေ့အိတ် တစ်ထုပ် လေးသောင်းငါးထောင်ကျပ်ပေးဝယ်ရ ကြောင်း၊ ပျိုးထောင်ပြီး ရက်နှစ်ဆယ်ကြာလျှင် စိုက်ခင်းထဲရွေ့ပြောင်း စိုက်ပျိုးကြရပြီး ငါးပေပတ်လည်ပင်ခြားဖြင့် တစ်ပင်ခြင်းစိုက်ပျိုးရန် တစ်ပေပတ်လည် အနက်၊ အကျယ် တူး၍ နွားချေး၊ဆိတ်ချေးနှင့် သစ်ရွက်ဆွေးမြေများဖြင့် မစိုက်ခင် ရေဖြင့်နှပ်ပေးထားကာ စိုက်ပျိုးရကြောင်းသိရသည်။ စိုက်ခင်းထဲစိုက်ပြီးချိန် တစ်လခွဲ၊ နှစ်လခန့်အကြာတွင် အဖူးအပွင့်ပွင့်ကာ အသီးသီးကြောင်း၊ ထိုင်ဝမ်သင်္ဘောသီးပင်သည် အပင်ခပ်နိမ့်နိမ့်ဖြင့်ပင် အသီးများပြွတ်နေအောင်သီးကာ အပင်နှင့်အသီးမလိုက်ဖက်အောင် အသီးများကြောင်းသိရပြီး သင်္ဘောသီးအမှည့်ကို ဦးစားပေးရောင်းချရခြင်းကြောင့် ပြွတ်သိပ် သီးသည့် အသီးများ ခွဲကာ သင်္ဘောသီးစိမ်းဆွတ်ခူးရောင်းချကြကြောင်းလည်းသိရသည်။

ထိုင်ဝမ်သင်္ဘောမျိုးများသည် ပထမမျိုးဆက်သာ အသီးသီးနှုန်းကောင်းမွန်ကြီးထွားပြီး၊ ဒုတိယမျိုးဆက် အပင်ပေါက်သော်လည်း အသီးမကြီးခြင်း၊ အဖိုပင်၊ အမပင်ရောနှော ဖြစ်နေတတ်ခြင်းကြောင့် မူရင်းအစေ့ထုပ်သာပြန်ဝယ်၍ စိုက်ပျိုးကြကြောင်းလည်းသိ ရသည်။ ညောင်ဦးမြို့နယ်တွင် ထိုင်ဝမ်သင်္ဘောများ စီးပွားဖြစ်အောင်မြင်ဖြစ်ထွန်းလာ ကာ ပခုက္ကူ ဈေးကွက်၊ ညောင်ဦး၊ ပုဂံ၊ မြင်းခြံဈေးကွက်များသို့ ထွက်သလောက်ရောင်းချကုန်နေကာ ထပ်မံ စိုက်ပျိုးဖို့လည်း တောင်သူများ ထပ်မံပျိုးထောင်မှုများ ရှိနေ ကြောင်း သစ်ထောင့် ကျေးရွာ ဦးရန် နိုင်ကရှင်းပြ၍သိရပြီး ထိုင်ဝမ်သင်္ဘောစိုက်ပျိုးခြင်းအား ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများ တွင် စီးပွားဖြစ်အများအပြား စိုက်ပျိုးကြ ကြောင်းလည်းသိရသည်။

ကိုထိန်၊KPD