ဖျာပုံ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ပြည်သူများ (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နေချိန်၊ ဆန်ဈေးနှုန်း မြင့်မားမှုမရှိစေရန် ရည်ရွယ်၍ ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်များအသင်းမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန် အချွန်ဆန် (2KG) တစ်ပြည်တစ်ထောင်နှုန်းဖြင့် ရောင်းချပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအုန်းဟန်က "ကျွန်တော်တို့ မြို့နယ်တစ်ခုတည်း အနေဖြင့် ဆန်ကိုစားသုံးမယ်ဆိုပါက (၃)နှစ်စာ စားသုံးတာတောင်ကုန်မှာ မဟုတ်ပါဘူး။ ဆန်စက်၊ ဆန်ကုန်သယ်တွေအနေဖြင့် ဆန်လုံလောက်မှုရှိစေရန်အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်၊ ယခုအနေအထားတွင် ဖျာပုံမြို့နယ်အနေဖြင့် ဆန်ဈေးနှုန်းက သိပ်ပြောင်းလဲမှု မရှိသေးဘူးပေါ့နော် ကြိုတင်စီစဉ်ထားတဲ့ ဆန်အိတ်တွေနဲ့ မြို့လူထုတွေကို ရပ်ကွက်အလိုက် ဆင်းရဲတဲ့ ရပ်ကွက်တွေကို ဦးစားပေးပြီး သတ်မှတ်ထားတဲ့ ရန်ကုန် Export ဝင် ရက်(၉၀)အချွန်ဆန် 2KG ဆန်တစ်ပြည်ကို (၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဘယ်အချိန် ဆန်ဈေးဘယ်လောက် တက်တက် ယခုဈေးနှုန်းအတိုင်း ရောင်းချပေးသွားမှာပါ၊ ဖျာပုံမြို့ ပြည်သူတွေအနေဖြင့် ဆန်နှင့်ပက်သက်၍ မစိုးရိမ်ကြပါနဲ့ ဆန်နှင့်ပက်သက်လို့ သက်ဆိုင်ရာ ဖွဲ့စည်းထားတဲ့ ကော်မတီတွေကဆန် ရောင်းဖို့လာပြီဆိုရင် မိုဘိုင်းယဉ်ဖြင့် ရပ်ကွက်အတွင်းသို့ အိမ်တိုင်ရာရောက် ရောင်းချပေးသွားပါမယ်လို့" ပြောကြားသည်။
ဆက်လက်၍ ဆန်စက်ဆန်ကုန်သည်အသင်း နာယက ဦးဘဟိန်းက "ဖျာပုံမြို့နယ် ပြည်သူများ အားလုံးစိုးရိမ်နေတဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဦးတို့အနေနဲ့ ရောင်းချပေးမယ်လို့ ကတိလည်းပေးတယ် တကယ်လည်း ရောင်းချ ပေးမယ်လို့ ပြောပါတယ်"
ဖျာပုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းသန်းက "ဖျာပုံမြို့ လူအများ စားသုံးနိုင်မယ့် ရက်(၉၀)အချွန်ဆန် 2 KG ဆန်တစ်ပြည်ကို(၁၀၀၀) ကျပ်နှုန်းဖြင့် လက်လုပ်လက်စား ပြည်သူများကို အဓိကထား ရောင်းချပေးဖို့ စီစဉ်ထားပါတယ်၊ ကျွန်တော်တို့ မြို့ပေါ်ရပ်ကွက်တွေကို အမြန်ဆုံး ရောင်းချပေးနိုင်ရေး အဓိကထား စီစဉ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ဆန်စက်(၂၀) ကျော်မှ ဆန်စက်တစ်စက်လျှင် အချွန်ဆန်အိတ်(၁၀၀)နဲ့ မတည်ပြီးတော့ အများပြည်သူ လိုအပ်သလောက်ကို အိမ်တိုင်ရာရောက်စနစ်ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ကြောင်း" ပြောကြားခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင် (ဖျာပုံ)