ညောင်ရွှေ ဖေဖော်ဝါရီ ၂၆
အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ ကူးစက်ပြန့်ပွားမှုမရှိစေရန် ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မမင်္ဂလာဈေးမီးပွိုင့်နှင့် မြို့အဝင် လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှောင်တခင်စစ်ဆေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာနေကြသူများကို Maskများ အခမဲ့ဖြန့်ဝေပေးပြီး စနစ်တကျတပ်ဆင စေခြင်း၊ RDT Test Kit ဖြင့် ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေကြသူ ၁၃၀ ဦးအား RDT Test Kit ဖြင့် စစ်ဆေးရာ ၁၄ ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း၊ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးသူရိန်