ဖျာပုံမြို့၌ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဖျာပုံ သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀:၃၀)အချိန်တွင် ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ဖျာပုံခရိုင်အတွင်းရှိ နယ်စပ်ဂိတ်များ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအနေဖြင့် စတင်စစ်ဆေးနေပြီးဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြို့နယ်ကိုဗစ် အဖွဲ့တို့နှင့် ပူးပေါင်း၍ လိုအပ်သည့်နေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုးခန်းနှင့် Quarantine ထားရှိသည့်နေရာများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ တာဝန်ရှိသည့်အဖွဲ့မှ ပူးပေါင်းစစ်ဆေးရန် မူလတန်းကျောင်းများ Quarantine ထားရှိရေး ပြင်ဆင်ထားရန် ဆေးရုံတွင်လည်းအရေးပေါ်လူနာများ ထားရှိနိုင်ရေး အသင့်ပြင်ဆင်ထားရန်နှင့် ယာဉ်လိုင်း၊ ရေယာဉ်လိုင်း ပြေးဆွဲမှုများကို ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ကြရန် အဖွဲ့ဝင်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင် ဆရာဝန်ကြီး ဒေါက်တာဇင်မာစိုးက ဆေးရုံတွင် ဆေးဝါးပစ္စည်း ကိရိယာ၊ ဆေးဝါး များနှင့် လုံခြုံရေးများ ချထားမှုများကို စနစ်တကျ စီစဉ်ဆောင်ရွက်ထားကြောင်း၊ PPE ဝတ်စုံ ဝတ်ဆင်ရေး သင်တန်းပေးမှုကို အသုတ်လိုက်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် Quarantine များအား ညွှန်ကြားချက်များနှင့် အညီလိုက်လံစစ်ဆေးသွား မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာ သည့် ကိုဗစ်ကော်မတီဝင်များက ကိုဗစ်- ၁၉ ကာကွယ်ရေး လုပ်ငန်းများအား အပြန်အလှန် ဆွေးနွေးကြကြောင်း သိရှိရသည်။

လှလှနွယ်(ပြန်/ဆက်)