ညောင်ဦးမြို့နယ်ထွက် ကုလားပဲများ ယခင်နှစ်ထက်ဈေးနှုန်းပိုရသောကြောင့် တောင်သူများအဆင်ပြေလျက်ရှိ

ညောင်ဦး  ဖေဖော်ဝါရီ  ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ထွက် ကုလားပဲများ မနှစ်ကထက် ဈေးနှုန်း ပိုရသောကြောင့် ကုလားပဲစိုက်တောင်သူများ တွက်ခြေကိုက်နေကြ ကြောင်း ကုလားပဲစိုက်တောင်သူများထံကသိရသည်။

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျွန်းတောင်သူများသည် မြစ်ရေကျချိန်တွင်ကုလားပဲအမြောက် အများစိုက်ပျိုးကြပြီး ဧရာဝတီမြစ်ရေ တက်ချိန်ပြီးနှင့် ချင်းတွင်းမြစ်ရေ တက်ချိန်ပြီး အချိန်များတွင် ကုလားပဲအမြောက်အများစိုက်ပျိုးကြကာ တစ်မျိုးထဲသီးသန့်စိုက်ပျိုးမှုမရှိကြပဲ နေကြာနှင့် သော်လည်းကောင်း၊ ပဲအမျိုးမျိုးနှင့်သော် လည်း ကောင်း စိုက်ပျိုးကြကြောင်း၊ သီးထပ်သီးညှပ် စိုက်ပျိုးကြကာ ကုလားပဲထက်စောပေါ်သည့် သီးနှံများဖြင့်သာတွဲဖက်စိုက်ပျိုးကြကြောင်းနှင့် မြစ်ရေကျချိန် စိုက်ပျိုးသည့်အ တွက် စိုက်ပျိုးသည့် သီးနှံနှစ်မျိုးလုံးအောင်မြင်ဖြစ်ထွန်းကြကာ ကုလားပဲသီးထပ်သီးညှပ် စိုက်ပျိုးသူများအဆင်ပြေနေကြကြောင်းနှင့် ကုလားပဲဈေးနှုန်းမှာလည်း မနှစ်က ထက်ဈေးနှုန်းပိုရသောကြောင့် ကုလားပဲစိုက်တောင်သူများတွက်ခြေကိုက်နေကြကြောင်း ညောင်ဦးမြို့နယ်သဖန်းကုန်းကျေးရွာကုလားပဲစိုက် တောင်သူဦးဖိုးကျော်ကပြော ကြားသည်။ ညောင်ဦးမြို့နယ်တွင် ကုလားပဲစိုက် ပျိုးခြင်းအား ကုန်းခြောက်များတွင်လည်းစိုက်ပျိုးကြကာ မြစ်ရေကျချိန်တွင် အင်းများရေခန်းခြောက် သွားချိန်၊ မြစ်ရေ ကျချိန်ကျွန်းမြေပေါ်ချိန်များတွင် စိုက်ပျိုးကြကာ ကုလားပဲပေါ်ချိန်တွင်လည်း အချိန်မတူညီပဲပေါ်လေ့ရှိကြောင်း ကုလားပဲစိုက်တောင်သူ ဦးဇော်ဝင်း ကရှင်းပြသည်။

ကုလားပဲစိုက်ပျိုးရာတွင် ကုလားအဖြူလုံးကြီးနှင့် ကုလားပဲအဖြူလုံးသေး နှစ်မျိုးစိုက်ပျိုး ကြကြောင်းသိရပြီး ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၂၈၀၀၀)ကျပ်ရှိပြီး၊ မနှစ် က ကုလားပဲဖြူ လုံးသေးတစ်တင်းလျှင် (၂၆၀၀၀)ကျပ်ရောင်းချရပြီး၊ ကုလားပဲဖြူလုံးကြီးအသစ် တစ်တင်းလျှင် ငွေကျပ် (၂၆၅၀၀)ကျပ်ရရှိပြီး၊ မနှစ်က ကုလားပဲဖြူ လုံးကြီး အဟောင်းတစ်တင်းလျှင်(၂၄၅၀၀)ကျပ်ရှိခဲ့ကြောင်း၊ ကုလားပဲတစ်တင်းလျှင် (၁၉)ပိသာချိန်ရပြီး မနှစ်ကထက်ဈေးနှုန်းပိုရခြင်းကြောင့် ကုလားပဲစိုက်ပျိုးသည့် တောင်သူများ အဆင်ပြေနေကြကာ ညောင်ဦးမြို့နယ် ကျွန်းမြေကုလားပဲစိုက် တောင်သူများ မနှစ်ကထက်အထွက်နှုန်းပိုမိုထွက်နိုင်ကြောင်း ကုလားပဲစိုက်တောင်သူများက ပြေကြားကာ ဈေးနှုန်းများလည်း မနှစ်ကထက်ပိုမိုဈေးပိုနိုင်ကြောင်း ထွက်ရှိလာသည့် ကုလားပဲနှင့် ဆီထွက်နေကြာများအား ပခုက္ကူမြို့ ပွဲရုံများသို့သွား ရောက်ရောင်းချကြကြောင်း သိရသည်။

ကိုထိန်၊KPD