ကျောက်ဆည်မြို့နယ် ကြောင်ကျေးရွာတွင် ရေပေးဝေရေးလုပ်ငန်းများအကောင်ဖော် ဆောင်ရွက်ပေးမှုကြောင့် ပြည်သူများသောက်သုံးရေဖူလုံစွာရရှိတော့မည်

ကျောက်ဆည်   ဖေဖော်ဝါရီ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်  သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေ ဖူလုံစွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ကြောင်ကျေးရွာတွင် ရေပေးဝေရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ပေးမှုကြောင့် ပြည်သူများ သောက်သုံးရေ ဖူလုံစွာရတော့မည် ဖြစ်ကြောင်း သိရှိရသည်။

လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခွင့်ပြုရန်ပုံငွေကျပ်(၁၇.၆၂၁)ကျပ်သန်း အကုန်အကျခံကာ ရေဂါလံ (၅၀၀၀)ဆံ အုတ်ရေ ကန်တစ်ကန်၊ အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေရှိ ရေစက်ရုံတစ်ရုံ၊ ကျေးရွာအတွင်း ရေပေးဝေရေးအတွက် အကျယ်(၂)ပေ (VPC)ရေပိုက်(၆၀၀၀)ပေ ဆောင်ရွက် ပေးခြင်းဖြစ်ပြီး လုပ်ငန်းများ သတ်မှတ်ကာလ အတွင်းပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဒေါ်ဌေးဌေးရီ ဦးစီးအရာရှိ (နည်းပညာ)တို့က ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ရေပေးဝေရေးလုပ်ငန်းများပြီးစီးသွားပက ကြောင်ကျေးရွာမှ အိမ်ခြေ(၃၆၉)အိမ်၊ လူဦးရေ (၁၈၀၄)ဦး အတွက် သောက်သုံးရေများ ရာသီမရွေး သုံးစွဲနိုင်တော့မည်ဖြစ်ပြီး ကျွဲ၊နွား တိရိစ္ဆာန်များ အတွက်လည်း များစွာအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရှိရသည်။

တင်တင်ထွေး