နမ့်ခမ်းမြို့၌ အသက် (၁၂) နှစ်ထက်နှင့် အသက် (၁၈) နှစ်ထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

နမ့်ခမ်း  ဖေဖော်ဝါရီ   ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမ ကာကွယ်ဆေးထိုးစုရပ်၌ အသက် (၁၂) နှစ်အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက် (၁၈) နှစ်အထက် ပြည်သူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရုံးဖွင့်ရက်များကို နေ့လည် (၁) နာရီမှ ညနေ (၃) နာရီအချိန်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်တွင် ဖေဖော်ဝါရီလ ဒုတိယပတ်နှင့် တတိယပတ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုအနည်းငယ် ပြန်လည်တွေ့ရှိပြီး ရောဂါကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ရုံးဖွင့် ရက်များ နေ့စဉ်ဆောင် ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက်(၁၂) နှစ်အထက် ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ပြည်သူများကိုလည်း ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီး အချိန်(၆)လပြည့်ပြီး သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး(Booster Does)ကို ဖေဖော်ဝါရီလ (၂၂)ရက် နေ့မှစ၍ နမ့်ခမ်းမြို့ရှိ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ  အသက် (၁၂) နှစ်အထက် ပြည်သူများ (၂၇၂၀) ဦး၊ အသက် (၁၈) နှစ်အထက် ပြည်သူများ (၅၁၈၈၄) ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံသူပြီး (၇၅၉) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)