ဟိုပုံး ဩဂုတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့လမ်းဆုံနှင့် ဟိုပုံးမြို့မဈေးသွားလမ်းတွင် နှာခေါင်းစည်း Mask များ ဖြန့်ဝေ ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန် က စတင်၍ ဆောင်ရွက်ခဲ့ ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာမောင်မောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် စေတနာ့ဝန်ထမ်းများသည် စျေးဝယ်လာသော ပြည်သူများနှင့် ခရီးသွားပြည်သူများအား အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း Maskများ တပ်ဆင်ကြရန်၊ လူစုလူဝေးနေရာများကို မလိုအပ်ဘဲ သွားလာခြင်းမပြုရန် စသည်ဖြင့် အသိပညာပေးပြောကြားခြင်းနှင့် နှာခေါင်းစည်း Mask (၆၅၀)ခု အခမဲ့ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟိုပုံးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာနေများဖြစ်သည့် စျေး၊ လမ်းဆုံနှင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာ၊ ရပ်ကွက်များအတွင်းတွင် အသိပညာပေး နှိုး ဆော်ခြင်း၊ နှာခေါင်းစည်း Maskများ ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)