မြိတ် မတ် ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ကာလတို ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ပေါင်း(၇၀၀၀)ကျော်ဖြင့် လမ်းလုပ်ငန်း(၄၁)ခုနှင့် တံတားလုပ်ငန်း(၃၃)ခုကို မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိရာ တည်ဆောက်ရေးလုပ်ငန်းများ (၉၀) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်လမ်း ဖွံဖြိုးရေးဦးစီးဌာနမှ သိရသည်။
မြိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ကာလတို ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၅၆၈.၅)သန်းနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၆၅၇၈.၃၉၂)သန်းဖြင့် ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ မြေသားလမ်း၊ RC တိုင် RC ခင်းလမ်း၊ချဉ်းကပ်လမ်း၊ သံကူကွန်ကရစ် တံတားများနှင့် Box Culvert များ စသည့် လမ်း လုပ်ငန်း(၄၁)ခုနှင့် တံတားလုပ်ငန်း(၃၃)ခုကို ဆောင်ရွက်လျက်ရှိသည်။
ဆောင်ရွက်လျက်ရှိသည့် လမ်းလုပ်ငန်းများမှာ ကွန်ကရစ်လမ်း (၂၆)လမ်း(၁၇/၀.၉၂)မိုင်၊ ကတ္တရာလမ်း (၅)လမ်း (၂/၄)မိုင်၊ မြေသားလမ်း (၆)လမ်း(၁၉/၇)မိုင်၊ RC တိုင် RC ခင်းလမ်း (၃)လမ်း(၉၄၈)ပေ၊ ချဉ်းကပ်လမ်း (၁)လမ်း(၄၀၀ပေ)ဖြစ်ပြီး တံတားလုပ်ငန်းများမှာ (၂၅)ပေ သံကူကွန်ကရစ် တံတား(၂)စင်း၊ (၁၅)ပေ သံကူ ကွန်ကရစ် တံတား(၁)စင်း၊ (၁၀)ပေ သံကူ ကွန်ကရစ်တံတား(၅)စင်းနှင့် (၅)ပေ သံကူကွန်ကရစ် Box Culvert (၂၅)စင်း ဖြစ်ကြောင်း သိရသည်။
မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိသည့် လမ်း/တံတားတည်ဆောက်ရေး လုပ်ငန်းများကို ခရိုင်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ ကြီးကြပ်၍ မြို့နယ်များအလိုက် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများကို စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများ (၉၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။
ခိုင်ထူး (မြိတ်)