ညောင်ဦး မတ် ၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကြက်သွန်မျိုးပန်းစိုက် တောင်သူများအောင်မြင် ဖြစ်ထွန်းကာ ကြက်သွန်မျိုးပန်းစိုက်တောင်သူများ ဝမ်းသာ လျက်ရှိပြီး ပြန် ရောင်းချိန် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
ညောင်ဦးခရိုင်အတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ၊ ညောင်ဦးမြို့နယ် ကျေးလက် ကြက်သွန်စိုက်တောင်သူများသည် ကြက်သွန် ပေါ်ချိန်တွင် ကြက်သွန်မျိုးကောင်း မျိုးသန့်ရရှိစေရန် ရှယ်ဥခေါ်လုံးဝန်းကြီးမားသည့် ဥများအားရွေးချယ်ထားကြကာ ကြက်သွန်မျိုး ပန်းစိုက်ပျိုးချိန်တွင် စိုက်ပျိုးကြကြောင်း၊ သီတင်းကျွတ်၊တန်ဆောင်မုန်းလတို့တွင် မျိုးပန်းကြက်သွန်ဥများ စတင်စိုက်ပျိုးကြကြောင်းသိရပြီး စိုက်ပျိုးပြီးတစ်လခန့်ကြာလျှင် ကြက်သွန်ဥမှ မန်တိုင်ခေါ် စိန်ဖူးသဏ္ဍန်ကြက်သွန် အဖူးထွက်လာကြောင်း၊ ကြက်သွန်တစ်ဥလျှင်ကြက်သွန်ပန်း ပွင့်ဖူးနှစ်ဖူးမှလေးဖူးအထိ မျိုးပန်း ကြက်သွန် ဖူးထွက်လေ့ရှိကြောင်း ကျောက်ပန်းတောင်းမြို့နယ် မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးနန်းတင်ကရှင်းပြသည်။
မျိုးစေ့ကြက်သွန်များကို ဧပြီလနှင့် မေလမိုးမကျမီအချိန်တွင်ဆွတ်ခူးကာ နေလှန်း၍ ကြက်သွန်မျိုး စေ့ထုတ်ယူပြီး လုံခြုံသောပုံးများဖြင့်ထည့်ထားပေးရသည်။ ဆောင်းကြက်သွန်ခေါ်လှောင်ကြက် သွန်စိုက်ပျိုးချိန်တွင် ကြက်သွန်မျိုးစေ့များအရောင်းအဝယ်ဖြစ်ကြပြီးကြက်သွန်မျိုးစေ့တစ်ပြည်လျှင် ရှစ်သောင်းကျပ်မှ တစ်သိန်းကျပ်ထိအရောင်းအဝယ်ဖြစ်ကြောင်းသိရပြီး ကြက်သွန်မျိုးစေ့အရောင်း အဝယ်ငါးနှစ်တာကာလအတွင်း ၂၀၁၉ ခုနှစ်တွင် ကြက်သွန်မျိုးစေ့တစ်ပြည် နှစ်သောင်းငါးထောင် ကျပ်ထိကြက်သွန်မျိုးစေ့ဈေးနှုန်းကျဆင်းခဲ့သောကြောင့် မျိုးပန်းစေ့စိုက်ပျိုးရောင်းချသူများ၊ လှောင် လက်ပွဲစားများအရှုံးပေါ်ခဲ့ကြောင်း သိရသည်။
ကြက်သွန်စိုက်ပျိုးရာတွင် အဓိကအချက်ဖြစ်သည့် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်းက ကြက်သွန်ဖြစ်ထွန်းပြီး ဥဥနှုန်းကောင်းကာ ကြက်သွန်ဥကြီးပြီး စိုက်ပျိုးသည့်တောင်သူများတွက် ခြေကိုက်နိုင်ကြောင်း၊ မျိုးပန်းစိုက်ပျိုးချိန် ကြက်သွန်မျိုး ဥကောင်းဥသန့်ရွေးချယ်မျိုးထောင်ပါက ကြက်သွန်စိုက်ပျိုးချိန် သိသိသာသာအထွက်နှုန်းကျဆင်းကြောင်း ညောင်ချိုင်းကျေးရွာကြက်သွန် စိုက်တောင်သူ ဦးစိုးသိန်းကရှင်းပြသည်။ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန် စိုက်တောင်သူများသည် ကြက်သွန်မျိုးများအားကိုယ်တိုင်မျိုးကောင်းမျိုးသန့်ရွေးချယ်ကာ ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် ကြက်သွန်အထွက်နှုန်း ကောင်းမွန် ကြကြောင်းသိရပြီးကြက်သွန်မျိုးပန်းပျိုးထောင်ကြသည့်ကျောက်ပန်းတောင်းမြို့နယ်လဲဂွကျေးရွာ၊လက်ပံအိုင့်ကျေးရွာ၊ညောင်ဖြူပင်ကျေးရွာ၊မုန့်ကုန်းကျေးရွာ၊ညောင်ချိုင်း၊ကင်းမွန်းခြုံ၊ ကျောက်တံခါးကျေးရွာများမှ ကြက်သွန်မျိုးပန်းထောင်တောင်သူများ၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ၊သစ်ထောင့်ကျွန်းကျေးရွာ၊ သဖန်းကုန်းကျေးရွာ၊ ကြအိုကျေးရွာ၊ အနောက်ပုလင်းကျေးရွာ ကြက်သွန်မျိုးပန်းစေ့အောင် မြင်ဖြစ်ထွန်းခြင်းကြောင့် ကြက်သွန် မျိုးပန်း စေ့ထုတ်ယူရောင်းချချိန်ဈေးကောင်းရရန်မျှော်လင့်နေကြကြောင်းသိရသည်။
ကိုထိန်၊KPD