မိုင်းနောင် မတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ ကလေးငယ်များအားပုံမှန် ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန်က တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်နှင့် တပ်ရင်းတပ်ဖွဲ့များ မှကလေးငယ်များအား ငှက်ဖျား၊ AIDSနှင့် အခြားရောဂါများ ရှိ/မရှိ စစ်ဆေးပေးခြင်း၊ အသက် (၂) လမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများ၊ ပိုလီယိုရောဂါ ကာကွယ်ဆေးများထိုးနှံခြင်း၊ တိုက်ကျွေးခြင်း၊ အသက် (၉)နှစ်မှ (၁၀)နှစ်ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သတင်းရသည်။
မိုင်းနောင်မြို့ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ တာဝန်ခံဆရာမ ဒေါ်နန်းမေထားနှင့် ဝန်ထမ်းများသည် ကလေးငယ်နှင့် အမျိုးသမီးငယ်များ (၅၃) ဦးကိုထိုးနှံ၍ ဆေးများတိုက်ကျွေးခဲ့ကြောင်း သိရသည်။
စောအောင်မိုးထွေး(မိုင်းနောင်)