လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း အမှတ်စဉ် (၇/၂၀၂၀) သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ချမ်းအေးသာစံ     မတ်    ၄

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ် (၇/၂၀၂၀) သင်တန်း ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီက မန္တလေး ပညာရေးဒီဂရီကောလိပ်တွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးပညာရေး ဒီဂရီ ကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးကြည်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်က သင်တန်း သား၊ သင်တန်းသူ ၂၈၀ဦးအတွက် တစ်ဦးလျှင် နှစ်သောင်းကျပ် နှုန်းဖြင့် ငွေကျပ် ၅၆သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်၊ မန္တလေးမြို့တော် စည်ပင်သာယာ ရေးဝန်ကြီး ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့်အောင်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းအောင်တို့က သင်တန်း ပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းအောင်၊ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးကြည်နှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်း သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်