ဒေးဒရဲ မတ်လ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် စာအုပ်ပြပွဲနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့ နံနက်ပိုင်းက ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များပြသရာတွင် ဂန္တဝင်စာပေများ၊ လစဉ်အသစ်ရောက်ရှိသည့် သုတ၊ ရသ စာပေများနှင့် လူကုန်ကူးမှု ကျူးလွန်သူများ ပြုလုပ်သည့် အဆင့် (၄)ဆင့် ဖော်ပြချက်၊ လူကုန်ကူးသူက ခေါင်းပုံဖြတ်ချင်းများ၊ လူကုန်ကူးခံရပါက ထိခိုက်စေနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ လူကုန်ကူးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော မျက်မှောက်သံသရာ ဆိုးကျိုးများ၊ လူကုန်ကူးခံရပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေများအကြောင်း သိကောင်းစရာများကို မှတ်တမ်းဓာတ်ပုံများဖြင့် အများပြည်သူ လေ့လာဖတ်ရှုနိုင်ရေး ခင်းကျင်းပြသထားကြောင်း သိရသည်။
အေဇာလင်း